
မြစ်ကြီးနားမြို့ စန်းသော်တာဆေးရုံအနီးတွင် ကျင်းပိလူနာတစ်ဦးအား လာရောက်စွန့်ပစ်သွား။
မြစ်ကြီးနားမြို့။ ၇၊အောက်တိုဘာလ၊၂၀၂၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စန်းသော်တာဆေးရုံအနီးတွင် အောက်တိုဘာလ (၅)ရက်နေ့က ကျင်းပိလူနာတစ်ဦးအား လာရောက်စွန့်ပစ်ခဲ့ကြောင်း သိရပါသည်။
စွန့်ပစ်ခံရသည့် ခြေထောက်၌ မြေကျင်းပိဒါဏ်ရာနှင့် လူနာအမျိုးသားသည် ဖားကန့်မှော်မှ ကျောက်ကုမ္ပဏီတစ်ခုတွင် ကျင်းလုပ်သားအဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး ကျင်းလောပန်းမှ တာဝန်ယူကာ ဆေးကုသပေးခြင်းမရှိဘဲ ယခုကဲ့သို့ လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောပြချက်အရသိရပါသည်။
ကျင်းလုပ်သားများ ထိခိုက်ဒါဏ်ရာရရှိပါက မှော်နယ်မြေမှ လောပန်းအချို့သည် တာဝန်ယူမှုမရှိဘဲ ယခုကဲ့သို့မကြာခဏ လာရောက်စွန့်ပစ်ခဲ့ကြောင်း ၎င်း၏ပြောပြချက်အရ သိရပါသည်။
ယခုကဲသို့ ထပ်တလဲလဲ ကြုံနေရသော နှစ်နာသူများရှိလာသောကြောင့် မကောင်းသော (မှော်) လုပ်ငန်းရှင်များ၏ လူသားချင်းစာနာစိတ် ၊တာဝန်ယူ/တာဝန်ခံမှု မရှိခြင်းတို့ကို အဝေးမှလာရောက်လုပ်ကိုင်ကြသော လုပ်သားများ သတိပြုမိစေလိုကြောင်း ၎င်းမှ ထပ်မံ ပြောပါသည်။
ဖားကန့်မှော်၊တနိုင်းမှော် ၊ ပန်ဝါ၊ ဆော့လော် အစရှိသည့် မှော်အသီးသီတွင် လုပ်သားများခေါ်ယူကြပြီး အဝေးမှလာရောက်လုပ်ကိုင်သူ အများအပြားကိုတွေ့ရပါသည်။ ကျင်းလုပ်သားများ ထိခိုက်မှုဖြစ်လျှင် ယခုကဲ့သို့ လာရောက်စွန့်ပစ်သွားသောလူနာများကို မျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ တာဝန်ယူ၍ ဆေးကုသပေးခြင်းအပြင် နေရပ်ဌာနအောက်ပိုင်းအထိ ရုံးမှ ရံပုံငွေဖြင့်လည်းကောင်း ၊ အလှူရှင်စေတနာရှင်များအား အလှူခံ၍လည်းကောင်း အမြဲကူညီပေးခဲ့ကြောင်း သိရပါသည်။
