
လေယာဉ်လက်မှတ်ဈေးနှုန်း အဆမတန်မြင့်တက်လာသဖြင့် ပြည်သူများအခက်အခဲဖြစ်နေ
မြစ်ကြီးနားမြို့။ ၁၆၊စက်တင်ဘာလ၊၂၀၂၅
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက် နေ့မှစပြီး လေယာဉ်လက်မှတ်ဈေးနှုန်းများ ဈေးနှုန်းခုန်တက်သွားသဖြင့် မန္တလေး၊ရန်ကုန်သို့ ကျန်းမာ ရေး၊ပညာရေးအပြင် အလုပ်ကိစ္စများကြောင့် ခရီးသွားရမည့် ပြည်သူများအတွက် စိန်ခေါ်မှုအခက်ခဲများ ကြုံတွေ့နေရကြောင်း မြစ်ကြီးနားမြို့ခံများထံမှ သိရပါတယ်။
မြစ်ကြီးနားမှ မန္တလေး၊ရန်ကုန် လေယာဥ်လက်မှတ်များ ဈေးနှုန်းမြင့်တက်လာတာ ကြောင့် ရန်ကုန်သို့ဆေးသွားကုရန်ပြင်ဆင်နေတဲ့ မိသားစုများ အခက်အခဲဖြစ်နေပြီး စိုးရိမ် နေရကြောင်း မိသားစုဝင်တစ်ဦးကပြောပါတယ်။
“ဟုတ်တယ် ဈေးက မြစ်ကြီးနား – ရန်ကုန်က ၈သိန်း ၇သောင်းလောက်ရှိတယ်။ အသွားအပြန်ဆို တစ်ယောက်မှာတောင် ဆယ်သိန်းကျော် နေပြီ။ ကျွန်မအစ်ကိုလည်း ဒီလကုန်ဘက် ရန်ကုန်မှာ ဆေးသွားကုရမှာရှိတာတောင် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ အကို့ကျန်းမာရေးက မြစ်ကြီးနားမှာ ကုလို့မရဘူးဆိုတော့ အခုလို ကုန်ကျစရိတ်များလာတော့ ရန်ကုန်သို့ ဆေးကုသဖို့သွားက ငွေကြေးပိုင်း စိုးရိမ်မှုဖြစ်လာတယ်ပေါ့” လို့ ညီမဖြစ်သူ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ထို့အပြင် မိဘများအတွက်လည်း အခုလို လေယာဥ်လက်မှတ်ဈေးနှုန်းများမြင့်တက်လာလို့ သားသမီးများရဲ့ ပညာရေးထောက်ပံ့မှုမှာ စိန်ခေါ်မှုများကြုံတွေ့လာရကြောင်း သိရပါတယ်။
” ကျွန်မသားက ရန်ကုန်ကို (GED) ဆိုတဲ့ စာမေးသွားဖြေရမှာတဲ့။ ဒီမှာက ဖြေလို့မရဘူးတဲ့။ အခုလိုလေယာဉ်လက်မှတ်ဈေးတက်လာတော့ ဘယ်လိုလုပ်ဖို့တောင်မသိတော့ဘူး။ သားရဲ့ ပညာရေးကိုလည်း မပျက်ဆီးစေချင်ဘူး။” လို့ မိခင်တစ်ဦးက ပြောပါတယ်။
အဆိုပါ လေယာဥ်လက်မှတ်များမှာ မြစ်ကြီးနား- မန္တလေး ယခင် ၄သိန်းမှ ၅သိန်းအောက်ကြားရှိတဲ့ လက်မှတ်များ ယခု ၅သိန်းအထက် ၆သိန်းနီးပါးရှိလာပြီး လက်မှတ်တစ်ခုမှာ သောင်းဂဏန်းဈေးတက်တာရှိတယ်လို့ လက်ယာဉ်လက်မှတ် ရောင်းသူများထံမှ သိရပါတယ်။
လက်ရှိအချိန်မှာ ကချင်ပြည်နယ်မှ မန္တလေး၊ရန်ကုန်သို့ ခရီးသွားရန် ကားလမ်းထက် လေယာဉ်ဖြင့်သာ ခရီးပိုမြန်၊ပိုလုံခြုံတယ်လို့ ပြည်သူများခံစားရတာကြောင့် လေယာဥ်လက်မှတ်ဈေးနှုန်းဘယ်လောက်မြင့်မြင့် ဝယ်စီးနေရတာဖြစ်ပါတယ်။
