ဖားကန့်မြို့တွင်း အရပ်သားနေအိမ် လက်နက်ကြီးကျကွဲသဖြင့် မိသားစုတစ်စု ထိခိုက်ဒဏ်ရာရ၊ အမျိုးသမီးဖြစ်သူသေဆုံး
ဖားကန့်မြို့။ ၃၁၊ ဇူလိုင်လ၊၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းဒေသ ဖြူစင်ကုန်း (ခ) မနောကုန်းတွင် ယမန်နေ့ ည ၈:၀၀ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျကွဲသဖြင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမျိုးသမီးတစ်ဦးသေဆုံးပြီး မိသားစုဝင် နှစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
“ဗျူဟာကုန်းဘက်က ပစ်လိုက်တယ်ထင်တယ်။ မိသားစုတစ်စုတော့ အားလုံး ဒဏ်ရာရတယ်တဲ့။ အမေဖြစ်သူက ဆေးရုံ မရောက်ခင် ဆုံးသွားတယ်တဲ့။အမျိုးသားနဲ့ သမီးလည်း ဒဏ်ရာတော်တော်ဆိုးတယ်တဲ့” လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
အဆိုပါ သေဆုံးသူမှာ ဒေါ်ထိုက်ထိုက်ဝင်းအသက် (၃၇)နှစ်ဖြစ်ပြီး၊ ဒဏ်ရာရသူ အမျိုးသား ငြိမ်းချမ်းအောင် (၃၇) နှစ်နှင့် မဇွန်းရတီထက် (၁၅) နှစ်တို့ ဖြစ်‌ကြောင်းသိရတယ်။
အဆိုပါ လက်နက်ကြီးကြောင့် အရပ်သား (၁၀) အထက် ထိခိုက်ဒဏ်ရာရတယ်လို့သိရကြောင်း အဆိုပါ ဒေသခံအမျိုးသားက ပြောပေမဲ့ အတည်မပြုနိုင်သေးပါ။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ဖားကန့် ဆိုင်းဂျာဘွမ် ဘက်က ကုမ္မဏီထဲ လက်နက်ကြီး နှစ်လုံး ကျရောက် ပေါက်ကွဲကာ ကိုယ်စားလှယ် ကိုစိုး(ခ)ကိုစိုးဝင်းဆိုသူ သေဆုံးခဲ့ပြီး အခြားနှစ်ယောက်လဲ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဖားကန့်မြို့ဘက် စစ်ကောင်စီနဲ့ ပြည်သူ့စစ်များ ဝင်ရောက်လာပြီးနောက်ပိုင်း လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သားပြည်သူနေအိမ်ထိခိုက်ပျက်စီးမှုနဲ့ ပြည်သူထိခိုက်သေဆုံးမှုပိုများလာပါတယ်။

Leave a Reply