
အင်းတော်ကြီးဒေသတွင် ရှမ်းနီနဲ့ KPDF တို့ တိုက်ပွဲဖြစ်ပွားနေ
မိုးညှင်မြို့နယ်။ ၁၅၊ဇူလိုင်လ၊၂၀၂၅
အင်းတော်ကြီးဒေသ မိုင်းနောင်ရွာမှာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင် လောက်ကနေ ရှမ်းနီနဲ့ KPDF တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး ၊စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကျဲကူပြီး လူနေအိမ်တွေမီးရှို့နေတယ်လို ဒေသခံတွေဆီကနေသတင်းရပါတယ်။
“မနေ့ နေ့လည်က မိုင်းနောင်ရွာကို ရှမ်းနီတွေစစ်ကြောင်းထိုးပြီး K-PDF နဲ့ တိုက်ပွဲဖြစ်ကြတာ ၊ စစ်ကြောင်းထိုး ပစ်ခတ်ကြတဲ့အချိန် မိုင်းနောင်ရွာသားတယောက်ကို ကျည်ဆံမှန်သွားတယ် ။နှုးချိုနဲ့ နန့်မွန်းတောင်ထိပ်ကနေ လက်နက်ကြီးနဲ့ပစ်ကူလို မိုင်းနောင်ရွာက လူနေအိမ်ပေါ် လက်နက်ကြီးကျတယ်၊ မိုင်းနောင်ရွာကို မီးရှို့တာ မမုံကိုင်ရွာဖက် မီးကူးသွားလို့ မီးငြိမ်သတ်ရသေးတယ်၊ဒီကနေ့ နေ့လည် ၁၂နာရီဝန်းကျင်လောက်မှာ လေယာဉ်နဲ့ ဗုံးလာကျဲတယ်”၊လို မိုင်းနောင်ရွာသားတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်မှာ မိုင်းနောင်နဲ့မမုံကိုင် ရွာသားတွေ စစ်ဘေးရှောင်နေရပြီး ရှမ်းနီက နန့်မွန်းရွာဖက်ကနေ ဖြတ်သန်းသွားလာခွင့် ၅ရက် ပိတ်ထားတာမို မမုံကိုင်ဘုန်းကြီးကျောင်းမှာ မိုင်းနောင်နဲ့ မမုံကိုင်က စစ်ရှောင်တွေအပြင် ဖားကန့်စစ်ရှောင်တွေရော အကုန်ပြည့်နေတယ်လို သိရပါတယ်။
