
မိုးညှင်းမြို့နယ်မှာ သွေးလွန်တုတ်ကွေးကြောင့် သေဆုံးသူတွေရှိလာ
မိုးညှင်းမြို့နယ်။ ၇၊ဇွန်လှိုင်၊၂၀၂၅
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်တွေမှာ သွေးလွန်တုတ်ကွေးကြောင့် တစ်လအတွင်း လူ(၅)ဦးထက်မနည်း သေဆုံးနေတာတွေရှိနေကြောင့် မေတ္တာလေညှင်း နာရေးကူညီမှုအသင်းထံက သိရပါတယ်။
“ဇွန်လလယ်လောက်ကနေစပြီး မိုးအဆက်မပြတ်ရွာနေတာဆိုတော့ အိမ်တွေထဲထိရေဝင်ပြီး ခြင်တွေကတအား ပေါလာတယ်၊ အရင်လို ကျန်းမာရေးဌာနက လူနေအိမ်တွေထိ ခြင်ဆေးဖြန်းတာမျိုး ဘာညာလဲ မရှိဘူးဆိုတော့ သွေးလွန်တုတ်ကွေးအရမ်းဖြစ်ကြတာ၊ ဆေးရုံမှာလဲ တုတ်ကွေးဖြစ်တဲ့ လူနာတွေ အများကြီးဘဲ ၊ဆရာဝန် မလောက် ဆေးဝါးမလောက်ဆိုတော့ အသေအပျောက်များလာတာ”လို့ မေတ္တာလေညှင်း ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ သေဆုံးသွားတဲ့လူနာ တွေဟာ အသက်(၂၅)နှစ်အရွယ်လူငယ် နဲ့ အသက်(၄)နှစ်အရွယ်ကလေးငယ်ဖြစ်ပြီး အင်းတော်ကြီးဒေသက စစ်ရှောင်တွေ ဖြစ်ကြတယ်လို့ သူကဆက်ပြောပါတယ်။
အစိုးရဆေးရုံမှာ ဆရာဝန်နဲ့ ဆေးဝါး မလုံလောက်မှုတွေကြောင့် ကျန်းမာရေးစောင့် ရှောက်မှု အားနည်းနေတာမို့ မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးလွန်တုတ်ကွေး၊ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းရှော ရောဂါတွေဟာ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ကျန်းမာရေးကိုအထူး ဂရုစိုက်ဖို့ နာရေးအသင်းက အကြံပြုပြောဆိုလာပါတယ်။
