ပူတာအိုမြို့ စစ်ကောင်စီဗျုဟာစစ်တပ်မှ စစ်ဆေးရန်ရှိသည်ဟုဆိုကာဖမ်းဆီးခေါ်ဆောင်သွားတဲ့လူငယ်တစ်ဦး တစ်ပတ်ကျော်သည့်အထိပြန်မလွတ်လာသေး
ပူတာအိုမြို့။ ၁၈၊ ဇွန်လ၊၂၀၂၅
ကချင်ပြည်နယ် ပူတာအိုမြို့ နမ်ရှယ်ကျေးရွာတွင် ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့မှာ ပူတာအို စစ်ကောင်စီဗျုဟာတပ်က စစ်သားများမှ အိမ်သို့ပြန်လာသော လူငယ်တစ်ဦး (မောင်အဝါလ်ဒီးဗေး)ကို စစ်ဆေးမေးမြန်းစရာများ ရှိသည်ဟုဆိုကာညသန်းခေါင်အချိန်တွင်ကားတစ်စီးဖြင့်ခေါ်ဆောင်သွားကြောင်းသိရပါတယ်။
”ညသန်းခေါင်မှာ သူတို့အိမ်ရှေ့ကိုကားတစ်စီးရောက်လာပြီး စစ်သားတွေရော၊ ပြည်သူ့စစ်တွေရောပါလာတယ်။ ကောင်‌လေးကိုစစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ဘယ်ကိုခေါ်သွားမှန်းတော့မသိဘူး။ ကောင်လေးက အိမ်ကိုပြန်ရောက်လာတာ ရက်ပိုင်းပဲရှိသေးတာဟုတ်တယ်။အိမ်မှာကသူက သားအကြီးဆုံးပါ မိဘကိုအိမ် အလုပ်ကူဖို့ကသူပဲရှိတာဟုတ်တယ်။‌ ကောင်လေးကအနေအေးပြီး စကားတောင်သိပ်မပြောတဲ့ကလေးပါ။” လို့ ဖမ်းဆီးခံရသူ၏အသိ ဒေသခံအမျိုးသားတစ်ဦးက ‌ပြောပါတယ်။
ထိုသို့ ဖမ်းသွားတာတပတ်ကျော်လာပြီး ပြန်မလာလို့ မိဘများက ဌာနယ်ပြည်သူ့စစ်ရုံးနဲ့စစ်တပ်ကိုသွားမေးကြည့်တော့ စစ်ကောင်စီဗျုဟာတပ်ရင်းမှာရှိတယ်ပြောခဲ့‌ သော်လည်း တေခွင့်တောင်မပေးခဲ့ကြောင်း သူကဆက်ပြောပါတယ်။
အဆိုပါ ဖမ်ဆီးခံရသူမှာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်တွင် ဖားကန့်မြို့နယ်၊အလယ်ကုန်းရပ်ကွက်တွင် ရေမဆေးကျောက်ရှာရင်း ကေအိုင်အေအဖွဲ့အစည်းမှ စုဆောင်းရေးဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး စစ်သားမဖြစ်ချင်လို့ ထွက်ပြေးလွတ်မြောက်လာသူဖြစ်ကြောင်းလည်း သိရပါတယ်။
”ကေအိုင်အေကစုဆောင်းရေးဖမ်းဆီးခံခဲ့ရတုန်းကလဲ တပတ်တိတိငိုခဲ့ရတယ်ပျ၊ကျွန်တော်ကစစ်သားလုပ်ရတာ ဝါသနာမပါဘူး ဒါကြောင့်မရရတဲ့နည်းနဲ့ထွက်ပြေးလာခဲ့တာဟုတ်တယ်” ဆိုပြီး ပြောပြဖူး ကြောင်း သူ၏အသိသူငယ်ချင်းတစ်ဦးက ပြောပါတယ်။
အဆိုပါ မောင်အဝါလ်ဒီးဗေးအား ဖမ်းသွားရခြင်းမှာ စစ်‌‌ကောင်စီ၏လက်အောက်ခံ ဦးအတန်ပြည်သူ့စစ်လုပ်တဲ့လူတွေက သတင်းပေးလို့လာဖမ်းသွားတာလို့ သိရကြောင်း ၎င်းကဆက်ပြောပါတယ်။
“သူတို့က ပြည်သူ့စစ်တွေဟုတယ်။သူတို့ကဆွေမျိုးတောင် တော်တဲ့လူတွေပျ” ဆိုပြီး ပြောပြပါတယ်။
အဆိုပါဖမ်းဆီးခံရသူ၏မိဘများက သူတို့သားတခုခုဖြစ်သွားမှာအပြင် စစ်ကောင်စီဘက်မှ ပြန်ပြီးစစ်မှုထမ်းခိုင်းကာ ရှေ့တန်းစေလွတ်မည်ကို စိတ်ပူ‌နေရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းမှ စပြီး ပူတာအိုဘက် စစ်ကောင်စီနဲ့ ပြည်သူ့စစ်များ က လူငယ်များကို စစ်သားသစ်များစုဆောင်းတာပြုလုပ်နေပြီး၊စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်များပို့ဆောင်လျက်ရှိပါတယ်။
#စစ်ကောင်စီမှ လူငယ်တစ်ဦးကို ဖမ်းဆီးသွား
#စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းလွတ်မှာကိုမိဘ‌ တွေစိုးရိမ်နေ
source&photo- CJ (Putao)
ပုံ‌ဟောင်း(ပူတာအိုပြည်သူ့စစ်နှစ်စစ်ကောင်စီ)

Leave a Reply