
မိုးညှင်းမှာ ရှမ်းနီပြည့်သူစစ်များက လူငယ် (၅)ဦးကို တပ်သားသစ်စုဆောင်း၊ အသက်မပြည့်သူနဲ့ မသန်စွမ်းသူလည်းပါ
မိုးညှင်းမြို့။ ၃၊ မေလ၊ ၂၀၂၅
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကျွန်းကုန်းရွာက လူငယ် (၅)ဦးကို ပြီးခဲ့တဲ့ ဧပြီလ ၂၆ရက်နေ့က ဘုန်းကြီးကျောင်းကပြန်လာတဲ့လူငယ် (၂)ယောက်ကို ရှမ်းနီပြည်သူစစ်များက လမ်းထဲကနေပေါ်တာဆွဲခေါ်သွားကြောင်း ဒေသခံများထံမှသိရပါတယ်။
“ဧပြီလ၂၆ရက် နေ့လည်၃နာရီမှာ ကျွန်းကုန်းရွာမကြီးက လမ်းမပေါ်မှာ ဘီလူးမြို့ ဘုံချောင်းလူမှုကူညီရေးကားေပါ်ဆွဲတင်သွားတာတဲ့။အသက်၁၄နှစ်ဘဲရှိသေးတယ် ၊ကျောင်းသားလို့ပြောပေမယ့် အသက် ၅၅နှစ်အရွယ်ထိ ဆွဲတယ်လို့ ရှမ်းနီပြည်သူ့စစ်ကပြောတာတဲ့” ဆိုပြီး မိသားစုနဲ့နီးစပ်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
အလားတူ မသန်စွမ်းသူတစ်ဦးအပါ ရွာထဲက လူငယ်သုံးဦးကိုလည်း နေအိမ်ပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားတာရှိကြောင်း သူမကဆက်ပြောပါတယ်။
၂၀၂၅ ဇန်နဝါရီလမှစပြီး မိုးညှင်းမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူစစ်အပြင် KIAတပ်ဖွဲ့များက လူငယ်များကို တပ်သားသစ်စုဆောင်းမှု မကြာခဏပြုလုပ်နေတာရှိကြောင်းလည်းသိရပါတယ်။
