
မြစ်ကြီးနားမြို့ရှိ ဝန်ထမ်းအိမ်ယာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဆယ်ကျော်သက်တစ်ဦးသေ
မြစ်ကြီးနားမြို့။ ၂၆၊ ဧပြီလ၊၂၀၂၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ စစ်ကောင်စီ အစိုးရ ဝန်ထမ်းအိမ်ယာတွင် ယမန်နေ့ည ၁၀:၄၅ နာရီခန့်က လက်နက်ကြီးနှစ်လုံးကျရောက်ပေါက်ကွဲလို့ ဆယ်ကျော်သက်လူငယ် တစ်ဦးထိခိုက်သေဆုံးကြောင်း ဒေသခံများထံမှ သိရပါတယ်။
” ဟုတ်တယ်။ မလိခဝန်ထမ်းအိမ်ယာဟုတ်တယ်တဲ့ ။နှစ်ခါတောင် ကျတယ်။ လူတော့ ထိခိုက်တာရှိတယ်တဲ့။ တစ်ယောက်သေတယ်လို့လဲပြောကြတယ်။ အခုက ရဲတွေနဲ့ပြည့်နေတယ်။” လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ထို့အပြင် ယမန့်နေ့ ည ၉:၀၀နာရီခန့်မှ ဝိုင်းမော်မြို့ဘက် တိုက်ပွဲဖြစ်နေသလို မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ၏ မ.ပ.ခစခန်းဘက်မှ လက်နက်ကြီးများ ပစ်ခတ်သံများကို ဆက်တိုက် ကြားနေရကြောင်း သူမကဆက်ပြောပါတယ်။
ထို့အပြင် ဧပြီလ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီဘက်မှ ဖားကန့် ဘက် စစ်အင်အား ထောင်ချီ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများဖြစ်နေသလို၊ ကားမိုင်း-ဖားကန့် လမ်းတစ်လျှောက်က ကျေးရွာရှိ ပြည်သူများလည်း နီးစပ်လုံခြုံရာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြောင်းလဲသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကောင်စီ မှ ဧပြီလ ၂ ရက်နေ့မှ ၂၂အထိ ရက်ပေါင်းနှစ်ဆယ် ယာယီအပစ်အခတ်ရပ်ဆဲထားသော်လည်း နေရာအနှံ့လေကြောင်းတိုက်ခိုက်မှု ရှိသလို၊ ယခု ဧပြီ လ ၃၀ အထိ ယာယီအပစ်ရပ် ထပ်မံရက်တိုးထားရာ ဖားကန့်၊ဝိုင်းမော်ဘက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဆက်လက်သိရပါတယ်။
