ပူတာအို ဒေသခံအမျိုးသမီး လေးဦး သေဆုံးခဲ့ရတဲ့ ဆင်ရိုင်းကို ပစ်သတ်
ပူတာအိုမြို့နယ်။ ၂၁၊ ဧပြီလ၊၂၀၂၅
ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီကျေးရွာက ဒေသခံအမျိုးသမီးလေးဦး ‌သတ်ဖြတ်ခဲ့တဲ့ ဆင်ရိုင်းကို ယနေ့ နေ့လည် ၁၂:၀၀ နာရီခန့်က ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ပစ်သတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။
” ဒီနေ့ နေ့လည်က ရွာကို ပြန်ဝင်လာတဲ့ အချိန် လိုက်လံ ပစ်သတ်နိုင်တာတဲ့။ လိုက်ရင်းပစ်ရင်းနဲ့ နောက်ဆုံး ဇာရမ်ဒမ်းဘက်က ‌လယ်တောမှာ ပစ်သတ်နိုင်ခဲ့တယ်လို့ သိရတယ်” လို့ ပူတာအို ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
အဆိုပါ ဆင်ရိုင်းက နေ့လည် ၁၁နာရီဝန်းကျင်က မူလာဒီရွာကို ပြန်ဝင်တာဖြစ်ပြီး ရွာသားများ တစ်ခါထွက်ပြေးခဲ့ရသေးကြောင်း သူက ဆက်ပြောပါတယ်။
ထို့အပြင် ထို ဆင်ရိုင်းက တောဆင်မဟုတ်ဘဲ ခရိုနီသူဌေးတစ်ဦး၏ ဆင်ဖြစ်တဲ့အပြင် ဆင်မောင်းသူ၏ ‌ပေါင်ကို ကျိုးအောင် လုပ်ခဲ့ပြီး တောထဲကို ထွက်ပြေးသွားတာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က အဆိုပါ ဆင်ရိုင်းကြောင့် မူလာဒီဒေသခံ အမျိုးသမီး လေးဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

Leave a Reply