
ဖားကန့်မြို့နယ် လဝါကျေးရွာတွင် စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ် တို့ ထိတွေ့တိုက်ပွဲဖြစ်၊ မအူပင်ကျေးရွာမှာ ပြည်သူ (၂၀) ဦးခန့် စစ်ကောင်စီဖမ်းဆီး
ဖားကန့်မြို့နယ်။ ၂၆၊ မတ်လ၊ ၂၀၂၅
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးတပ်များ နဲ့ KIA ပူးပေါင်တပ် တို့ ၂၅ ရက် နေ့လည် (၁၂) နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်ထံမှသိရပါတယ်။
“မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်အဖွဲ့များက လဝါးအထက်တန်းကျောင်းမှာ ခိုအောင်းနေတာ။ KIA နဲ့ ပူးပေါင်းတပ်တို့လာရောက်ပစ်ခတ်ရာကနေ တိုက်ပွဲများစတင် ဖြစ်လာတာ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်နေတဲ့ လဝါး ကျေးရွာကို ပြီးခဲ့တဲ့ မတ်လ ၂၃ရက်နေ့က စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးလာကြဲသောကြောင့် ရွာသားများ လုံခြုံရသို့ ထွက်ပြေးတိမ်းရှောင်ထားတဲ့ ရွာဖြစ်ပြီး စစ်ကောင်စီနဲ့ ပြည်သူ့စစ်များ လာရောက် တပ်စုနေတာဖြစ်ပါတယ်။
ထို့အပြင် ကားမိုင်းမြို့အခြေစိုက် စစ်တပ်ဗျူဟာကုန်းမှ စစ်သားများနှင့် ကာမိုင်းရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ကာမိုင်း-ဖားကန့်လမ်းမပေါ်ရှိ မအူပင်ကျေးရွာမှ ရွာသား(၂၀)ဦးခန့်ကို ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့ကဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ ထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံ များထံမှ သိရပါတယ်။
အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားခံရသူများမှာ (၁) ဦးမဂျီဂမ်၊ (၂) ဒေါ် လဗျရွယ်၊ (၃) ဒေါ် မဂျီကော့၊ (၄) မ သွယ်သွယ်အောင် (၅) ကိုဆံရှည် (၆) ဒေါ် ရွယ်ပါ (၇) ဒေါ် မိတုန် ခါးရာ (၈) ကိုကျော်မျိုးဦး (၉) ဒေါ် အဂျီ ခါးမိုင် (၁၀) ဒေါ် အက်စတာ (၁၁) ဒေါ် ခေါင်နန်း (၁၂) မောင် လဟဲ ဆိုင်းဒန် (၁၃) မောင် လဟဲ မျိုးလတ် (၁၄) နှင့် အခြား အမည်မသိ (၅) ဦး တို့ဖြစ် ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ထို့အပြင် မအူပင်ကျေးရွာမှ ရွာသား (၁၈) ဦးခန့်က အဆက်အသွယ်မရပဲ ထပ်မံ ပျောက်ဆုံးနေတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့မှ ကားမိုင်း- ဖားကန့်မြို့ ဘက် စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်များနဲ့ KIAတပ်များ တိုက်ပွဲ ပြန်လည်ပြင်းထန်လာခဲ့ကြောင်း သိရပါတယ်။
