
ဝရာဇွပ်ပြည်သူ့စစ်များ ပြည်သူနေအိမ်များကို မီးရှို့
တနိုင်းမြို့။ ၁၈၊ မတ်လ၊၂၀၂၅
ကချင်ပြည်နယ် တနိုင်းမြို့နယ် ဝရာဇွပ် ကျေးရွာတွင် မင်းဇေသန့် ဦးဆောင်တဲ့ပြည်သူ့စစ်များမှ မတ်လ ၁၄ ရက်နေ့ နေ့လည် ၁၂နာရီခန့်က နေအိမ် ၁၆ ခုကို လိုက်လံ မီးရှို့ဖျက်စီးခဲ့ကြောင်း ဝရာဇွပ်ဒေသခံများထံမှ သိရပါတယ်။
“မင်းဇေသန့် ပြည်သူ့စစ်တွေနဲ့ KIA တွေ ဒီမနက် တိုက်ပွဲဖြစ်တယ်ထင်တယ်။ သူတို့အထိနာသွားလို့လားမသိဘူး ရွာဘက်လာတယ်။ ပြီးတော့ နေ့လည်ပိုင်းလောက်မှာ လူနေအိမ်တွေကို မီးရှို့ပြီးထွက်သွားတယ်။ ၁၆ အိမ် မီးလောင်သွားတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
အဆိုပါ မင်းဇေသန့် ပြည်သူ့စစ်များက ယနေ့ မနက် (၇)နာရီခန့်တွင် အရင်က သိမ်းပိုက်ထားတဲ့ ဝခါးစခန်းမှ KIA တပ်ရင်း ၁၄ ဘက်သို့ အင်းအား ( ၅၀) ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့ချိန် KIAနဲ့ ပူးပေါင်းတပ်တို့ မိုင်းဆွဲတိုက်ခိုက်တာခံလိုက်ရတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်မှ သိရပါတယ်။
” အရင်လက်လွတ်လိုက်ရတဲ့ ဝခါးစခန်းကနေ သူတို့ အင်းအားအယောက် ၅၀ ခန့်နဲ့တက်လာတာ။ မဒေသာမိုင်းနဲ့ ကျွေးလိုက်တယ်။ ထိခိုက်သေဆုံးတာများမယ်။ ၂၀ ကျော်ကျော် တော့ မိုးမျှော်မယ်”လို့ ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။
ထို့သို့ တိုက်ခိုက်ခံရတဲ့နောက် မကြာမီမှာပဲ စစ်ကောင်စီတပ်ဘက်မှဂျက်လေယျာဉ်ဖြင့် လာရောက်ဗုံးကြဲတာရှိကြောင်း သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၆ရက်နေ့က KIA ကာကင်းစခန်းဖြစ်တဲ့ ဝခါးစခန်းကို မင်းဇေသန့်ပြည်သူ့စစ်ဘက်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး KIAတပ်သား တစ်ဦးကျဆုံးသွားကြောင်း သိရပါတယ်။
