စစ်ရှောင်ပြည်သူများရှိတဲ့ လဘန်က‌ထောင်နဲ့ နောင်ချိန်းကျေးရွာ အတွင်း စစ်ကောင်စီများနေရာယူ လှုပ်ရှားနေ
ဝိုင်းမော်မြို့။ ၂၀၊ ဒီဇင်ဘာလ၊၂၀၂၄
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လဘန်က‌ထောင်၊ နောင်ချိန်းကျေးရွာမှာ စစ်ကောင်စီတပ်များက လဝါယာန်ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး နေရာအချို့တွင် တပ်ဖြန့်စခန်းချနေထိုင်နေကြောင်း ဒေသခံပြည်သူများမှ သိရပါတယ်။
“အခုတလော ဒီဘက် စစ်ကောင်စီတပ်သားတွေ အများကြီးကို‌‌တွေ့လာတယ်။ ကြားတာတော့ လဝါယာန်ပြည်သူစစ် (အရင်က လဆန်‌အောင်ဝါ ဦးဆောင်) တွေနဲ့ အင်အားပူးပေါင်းပြီး လုံခြုံရေး တပ်စခန်းတွေချနေတယ်တဲ့” လို့ ‌နောင်းချိန်းဒေသခံ အမျိုးသား တစ်ဦးကပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားများက ပြီးခဲ့တဲ့ နိုဝင်ဘာလမှ စပြီး စစ်ကားများဖြင့် စစ်သားနဲ့ လက်နက်ရိက္ခာများအကြိုအပို့လုပ်နေသလို၊ ယခု ဒီဇင်ဘာလမှာ လက်နက်အပြည့်အစုံဖြင့် ကျေးရွာအတွင်း သွားလာလှုပ်ရှားလာတယ်လို့ သူကဆက်ပြောပါတယ်။
ထိုသို့ စစ်ကောင်စီတပ်များ အင်းအားအလုံးအရင်းနဲ့ သွားလာလှုပ်ရှားနေတာကြောင့် စစ်ရှောင်ပြည်သူများက နောက်တစ်ခါစစ်ဘေးရှောင်ရမှာကို စိုးရိမ်နေရ ကြောင်း စစ်ရှောင်ပြည်သူများမှ သိရပါတယ်။
“လဆန်အောင်ဝါ( ကွယ်လွန်သူ ပြည်သူ့စစ်‌ ခေါင်းဆောင်) ရှိလို့ ဒီဘက်လုံခြုံမယ်ထင်လို့ စစ်ရှောင်ခဲ့တာ။ သူရှိတဲ့အချိန်တော့ ဘာမှ မဖြစ်ဘူး။ အခုသူဆုံးသွားတော့ စစ်တပ်ရဲ့ အင်းအားအလုံးအရင်းက ဒီဘက်ရောက်လာတယ်။ အခုတောင်အရမ်းခက်ခဲနေတာ နောက်တစ်ခါ စစ်ရှောင်ရမှာ အရမ်းစိုးရိမ်‌တာပေါ့” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။
အဆိုပါ နောင်ချိန်းနဲ့ လဘန်က‌ထောင်ကျေးရွာအတွင်း ပြီးခဲ့တဲ့ ‌မတ်လမှစပြီး ဝိုင်းမော်မြို့အပါအဝင် အခြား မြို့နဲ့နီးတဲ့ကျေးရွာများက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေတဲ့ကျေးရွာ ဖြစ်ပါတယ်။

Leave a Reply