
မြစ်ကြီးနားမြို့။ ၂၁၊ နိုဝင်ဘာလ၊ ၂၀၂၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ရဲ့ အဓိက အသွားအလာလုပ်နေတဲ့ ဗလမင်းထင်တံတားကို စစ်ကောင်စီဘက်မှ ယနေ့ မနက် ၈:၀၀နာရီခန့်က ပိတ်လိုက်တယ်လို့ဒေသခံများထံမှ သိရပါတယ်။
“ဒီမနက် ပိတ်လိုက်တာပါ။ ဘာလို့ ပိတ်တာတော့ မသိဘူး။ တစ်ချို့ပြောတာတော့ KIAလာတိုက်မှာ ကြောက်လို့ပြောတာကြားတယ်” လို့ မြစ်ကြီးနား ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အဆိုပါ တံတားပိတ်တာကြောင့် တစ်နိုင်တစ်ပိုင် ဈေးရောင်းနေတဲ့ ပြည်သူများအတွက် ကုန်ပစ္စည်းဝယ်ယူဖို့ ခက်ခဲလာပြီး ပစ္စည်း ပြတ်လပ်တာတွေဖြစ်လာနိုင်တယ်လို့ ဝိုင်းမော် မိုင်းနားကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့အချိန်ကစပြီး မြစ်ကြီးနားဘက်ကဘဲ ပစ္စည်းသွားဝယ်ပြီး ဈေးရောင်းတာပါ။ အခုက တံတားပိတ်လိုက်တာကြောင့် မြစ်ကြီးနားဘက်သွားဖို့ ခက်သွားပြီ။ ကုန်ပစ္စည်းပြတ်သွားမှာစိုးရိမ်ရတယ်။” လို့ သူမက ပြောပါတယ်။
မြန်မာ-တရုတ်နယ်စပ်ဂိတ် ကန်ပိုင်တည်ကို မနေ့က နိုဝင်ဘာလ ၂၀ ရက်နေ့က KIAနဲ့ KPDF တို့ အပြီး တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။
