
စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်မှ အင်းတော်ကြီးဒေသခံလေးဦးအား အကြောင်းမဲ့ဖမ်းဆီး
မိုးညှင်မြို့နယ်။ ၁၈၊ဇွန်လိုင်လ၊၂၀၂၄
ဇူလိုင်လ(၂)ရက်နေ့က အင်းတော်ကြီးဒေသခံအမျိုးသား(၄)ဦးအား ရှမ်းနီပြည်သူ့စစ်များမှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ထိုအမျိုးသားလေးဦးသည် မိုးကောင်းမှ အင်းတော်ကြီးသို့ ပြန်သည့်လမ်းတွင် ဖမ်းဆီးခံရကြောင်းသိရသည်။
” အဖမ်းခံရတဲ့လေးယောက်က သူတို့ရဲ့အမျိုး မိုးကောင်းကို သွားတာ ၊သူတို့အမျိုးထဲက ကောင်လေးတယောက် ကိုမူးယစ်ဆေးဖြတ်ပေးဖို့ မိုးကောင်းမြို့နယ် လယ်မှီးဆေးဖြတ်စင်တာကိုသွားပို့ကြတာ၊ မိုးကောင်းကအပြန်မှ ဖမ်းခံရတာ ၊မသွားခင်လည်း နန့်မွန်းဘုရား ကျောင်းတံတားအကျော်လေးက စစ်တပ်ဂိတ်မှာ သတင်းပို့သွားတယ်၊အဲ့ဂိတ်မှာက စစ်သားသိပ်မရှိဘူး ၊ရှမ်းနီပြည်သူ့စစ်တွေများတယ်၊အဲ့ပြည်သူ့စစ်တွေကလဲ အင်းတော်ကြီးဒေသခံတွေဘဲဟုတ်တယ်၊အသွားတုန်းက သတင်းပို့ထားပါတယ်လို့လဲ ပြောလို့မရဘူး ၊လေးယောက်ကို ဖမ်းသွားပြီး နှစ်ရက်အကြာမှာတော့ အသက်ကြီးတဲ့တယောက်ကိုပြန်လွတ်ပေးခဲ့တယ် ၊ကျန်တဲ့သုံးယောက်က အသက် ၂၇လောက်အရွယ်တွေဆိုတော့ စစ်မှုထမ်းဖို့ တခါထဲ ခေါ်ထားလိုက်တာ၊”ဟု အင်းတော်ကြီးဒေသခံတစ်ဦးကပြောပါသည်။
အင်းတော်ကြီးဒေသတွင် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်များသည် ဒေသခံ လူငယ်များအား စစ်ဆေးခြင်း ၊ရိုက်နှက်ခြင်း ၊ဖမ်းဆီးခြင်းများ ကို မတရားပြုလုပ်နေကြောင်း ဒေသခံများကပြောပါသည်။အင်းတော်ကြီးဒေသ ညောင်ပင်စစ်တပ်ဂိတ်အား KIA မှသိမ်းယူပြီးနောက်မှစတင်၍ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊လေယာဉ်ဖြင့် ဗုံးသီးချခြင်းများပြုလုပ်နေသောကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
