
စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား(၃)ဦးသေဆုံး၊ (၅)ဦးဒဏ်ရာအပြင်းအထန်ရ
မိုးညှင်း။ ၂၉. ဇန်နဝါရီလ.၂၀၂၄
၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၇ရက်နေ့ ညနေ့ပိုင်း (၃း၀၀)နာရီခန့်တွင် မိုးညှင်းမြို့နယ် နန်းမားညောင်ပင်သာ ရပ်ကွက်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ (၃)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါသည်။
အဆိုပါသေဆုံးသူများမှာ နန်းမားညောင်ပင်သာရွာတွင်နေထိုင်ကြသော အသက်(၇)နှစ်အရွယ် မယွန်းဝတီထွန်း၊ အသက်(၃၅)နှစ် ဒေါ်နွယ်နွယ်ဦး နှင့် ဘုရားကွင်းတွင်နေထိုင်သူ အမည်မသိတစ်ဦးတို့က လက်နက်ကြီးထိမှန်သေဆုံးခဲ့ပါသည်။
ဒဏ်ရာရရှိသူများမှာ အသက်(၄၂)နှစ်ရှိ ဦးဇော်မြင့်ထွန်းသည် လက်နှင့် ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိ၍ မြစ်ကြီးနားပြည်သူ့ဆေးရုံတွင်ဆေးကုသခံယူနေကာ အသက် (၁၃)နှစ်အရွယ်ရှိ မသွန်းရတီထွန်း၊အသက်(၃၉)နှစ်ရှိ ဦးဇင်ဝိုင်း၊ အသက်(၄၂)နှစ်ရှိ ဦးဇော်လှိုင်ထွန်း၊ အသက်(၄၂)နှစ်ရှိ ဦးစိုးဝင်းထွန်းတို့က မိုးညှင်းဆေးရုံတွင် ဆေးကုသခံယူနေကြောင်းသိရှိရပါသည်။
၎င်းသေဆုံးသူ မယွန်းဝတီထွန်း၊ ဒေါ်နွယ်နွယ်ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ မသွန်းရတီထွန်းတို့က သားအမိများဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဦးသည် KG ကလေးများကို စာသင်ပေးနေကြောင်းလည်းသိရှိရပါသည်။
“ မိုးညှင်းစစ်ကောင်စီတပ်က တစ်ဖက်သတ် ဘယ်အဖွဲ့နဲ့မှ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တော့ နန်းမားညောင်ပင်သာမှာ လက်နက်ကြီးတွေလာကျလို့ ရွာကလူ (၃)ယောက်သေပြီး (၅)ယောက်က ဒဏ်ရာရရှိပြီး လက်နဲ့ခေါင်းမှာထိတဲ့ တစ်ဦးက ဒဏ်ရာပြင်းထန်လို့ မြစ်ကြီးနားဆေးရုံကိုပို့လိုက်တယ် ကျန် ဒဏ်ရာရ (၄)ယောက်က မိုးညှင်းဆေးရုံမှာပဲဆေးကုသမှုခံနေတယ်” ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကပြောပါသည်။
“ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က အဲ့နန်းမားညောင်ပင်သာရွာကို လက်နက်ကြီးတွေပစ်လို့ လူတစ်ယောက်ထိခိုက်ဒဏ်ရာရသွားတယ် နောက် ဒီမနက် (၂၉) ရက် (၉း၀၀)နာရီမှာ လက်နက်ကြီးပြန်ကျလို့ လူနှစ်ယောက်လက်နက်ကြီးထိမှန်တာကြောင့် ဒဏ်ရာရသွားတယ် ဘယ်သူဘယ်ဝါဆိုတာတော့မသိသေးဘူး” ဟု အဆိုပါအမျိုးသမီးကဆက်ပြောပါသည်။
လက်ရှိမိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်ဆေးမှုများကို တင်းကြပ်စွာ ဆက်လက်လုပ်ဆောင်နေပါသည်။
