
မိုးညှင်းမြို့ တွင် တိုက်မိုင်းပေါက်ကွဲကာ အရပ်သားပြည်သူ( ၁)ဦးသေဆုံး၍( ၃)ဦးထိခိုက်ဒဏ်ရာရရှိ
မိုးညှင်းမြို့။ ၆.ဒီဇင်ဘာ.၂၀၂၃
ဒီဇင်ဘာ(၆)ရက် မနက်(၉း၀၀)နာရီဝန်းကျင်အချိန်တွင် မိုးညှင်းမြို့ ထန်းတပင်ကားလမ်းဘေး ညောင်ပင်ကြီးနားတွင် တိုက်မိုင်းပေါက်ကွဲဖြစ်ကာ ကျွဲကျောင်းနေသော အသက်(၁၀)အရွယ်ကလေး တစ်ဦးသေဆုံး၍ သားအမိ(၃)ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ထိုဒဏ်ရာရရှိ သားအမိ(၃)ယောက်တို့သည် ကျွဲကျောင်းနေသော သားအားမုန့်ဝယ်ပြီး လိုက်သွားချိန် တိုက်မိုင်းပေါက်ကွဲပြီး ၎င်းတိုက်မိုင်းပေါက်ကွဲရာမှ မိုင်းစများထိ၍ဒဏ်ရာရရှိခဲ့ပါသည်။ အသက်(၂)နှစ်အရွယ်သားဖြစ်သူက လည်ဂုတ်တွင်ဒဏ်ရာရရှိကာ အသက်(၇)အရွယ်ရှိသားဖြစ်သူသည် ခြေထောက်ပြတ်ပြီး မျက်လုံးတွင်ထိခိုက်ဒဏ်ရာရရှိ၍ မိခင်ဖြစ်သူ အသက်(၃၈)နှစ်ရှိ ဒေါ်မနီသည် လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ပါသည်။
ဒဏ်ရာရရှိသူ သားအမိ(၃)ယောက်ကိုလည်းဆေးကုသရန် မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်ခဲ့ပါသည်။
“ဒီမနက် ၉း၀၀နာရီလောက်မှာ မိုးညှင်းမြို့ ထန်းတပင်ကားလမ်းဘေးမှာ ကျွဲကျောင်းနေတဲ့သားကို သူတို့သားအမိ (၃)ယောက်က မုန့်ဝယ်ပြီးလိုက်သွားတဲ့အချိန် တိုက်မိုင်းပေါက်ကွဲလို့ ကျွဲကျောင်းနေတဲ့သားက ပွဲချင်းပြီးဆုံးသွားတယ်။ သားအမိ(၃)ယောက်က ဒဏ်ရာပြင်းထန်ရလို့ မြစ်ကြီးနားဆေးရုံသို့ပို့လိုက်ပြီး”ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကပြောပါသည်။
မိခင်ဖြစ်သူ ဒေါ်မနီသည် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်၍ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တွင် သားဖြစ်သူအသက်(၁၃)နှစ်သည် ကျွဲကျောင်းရင်းရေနှစ်သေဆုံးခဲ့ပါသည်။ ယခုလက်ရှိအချိန်တွင်လည်း ဒေါ်မနီသည် ကိုယ်ဝန်လွယ်ထားရကြောင်းသိရှိရပါသည်။
မိုးညှင်းမြို့ ထန်းတပန်ရပ်ကွက် တိုက်မိုင်းပေါက်ကွဲမှုနဲ့ပက်သက်ပြီး မိုးညှင်း K-PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ “ အသိပေးထုတ်ပြန်ခြင်း”များထုတ်ပြန်ခဲ့ပါသည်။ ၎င်း “အသိပေးထုတ်ပြန်ခြင်း”ကို “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မိုးညှင်းမြို့နယ်” လူမှုကွန်ယက်တွင်ရေးသားထားပါသည်။
