၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မိုးမောက်မြို့နယ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်
မိုးမောက်မြို့နယ်။ နိုဝင်ဘာလ
မိုးမောက်မြို့နယ် နိုဝင်ဘာလအတွင်း ခမရ ၄၃ရ တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂)ဦးသေဆုံး၍ (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
၈.၁၁.၂၀၂၃ ရက်နေ့ ညနေ (၆း၅၀)နာရီခန့်တွင် မိုးမောက်မြို့ ခမရ ၄၃၇ တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သားပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိ၍ (၂)ဦးသေဆုံးခဲ့ပါသည်။
သေဆုံးသူအရပ်သားပြည်သူ(၂)ဦးမှာ အသက်(၄၂)နှစ်ရှိ ‌ဒေါ်လှရုံ နှင့် အသက်(၂၀)နှစ်ရှိ မောင်နိုင်မင်းဦး ဖြစ်ပြီး ဒဏ်ရာရရှိသူ အသက်(၅၀)နှစ်ရှိ ဒေါ်လွန်းစိန် နှင့် အသက်(၅၀)နှစ်ရှိ ဦးမောင်ဆိုင်တို့က ဗန်းမော်ဆေးရုံတွင် ဆေးကုသခံနေရပါသည်။
၁၀.၁၁.၂၀၂၃ ရက်နေ့ မနက် ၈း၃၀ နာရီခန့်တွင်လည်း မိုးမောက်မြို့ ကြံခင်းအုပ်စုကျေးရွာမှ စစ်ကောင်စီခန့် ရာအိမ်မှူးအား ကြေးနန်းရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တွင် အမည်မသိ သေနတ်ကိုင်သမားမှ ပစ်ခတ်လိုက်မှုကြောင့် ဦးခေါင်းတွင် ကျည်ထိမှန်ကာ သေဆုံးသွားခဲ့ပါသည်။
၁၂.၁၁.၂၀၂၃ ရက်နေ့ ည (၈း၀၀)နာရီခန့်တွင် ခမရ (၄၃၇) စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သောကြောင့် ကြေးနန်းရပ်ကွက် စစ်ရှောင်စခန်းအနီးရှိ သဲကျောက်လုပ်ငန်းအဝင်းတွင် ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယင်းလုပ်ငန်းခွင်အတွင်းရှိ အမည်မသိ အလုပ်သမား (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဗန်းမော်ဆေးရုံတွင် ဆေးကုသမှုခံနေကြောင့် သိရှိရပါသည်။
အဆိုပါပစ်ခတ်သော ၄၃၇ တပ်မှ ညနေပိုင်း (၆း၀၀)နာရီ အချိန်မှစ၍ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် မိုးမောက်မြို့ ပတ်ဝန်းကျင်အတွင်း ပစ်ခတ်နေသည်မှာ နိုဝင်ဘာ လဆန်းမှ ညတိုင်း ပစ်ခတ်မှု များပြုလုပ်နေပါသည်။
ယခုလက်ရှိ မိုးမောက်မြို့တွင် နေ့စဉ် လက်နက်ငယ် လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပွားနေပြီး ပြည်သူများ အနေဖြင့် ထိတ်လန့်စိုးရိမ်မှု များကြုံတွေ့နေရပါသည်။

Leave a Reply