
ဒေါ့ဖုန်းယန်မြို့ ဒိန်ဂါယန်ကျေးရွာမှ ဘုရားကျောင်းနှင့် လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
ဒေါ့ဖုန်းယန်မြို့။ ၁၅.အောက်တိုဘာ.၂၀၂၃
အောက်တိုဘာလ ၁၅ရက် မနက် (၈း၁၅)နာရီခန့်တွင် ခလရ(၄၁၅) စစ်ကောင်စီတပ်က မြစ်ကြီးနား- ဗန်မော်လမ်းမပေါ်ရှိ ဒိန်ဂါယန်ကျေးရွာမှ ဘုရားကျောင်းအပါအဝင် လူနေအိမ် (၁၆)အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။
အောက်တိုဘာလ ၁၄ရက်နေ့ ညအချိန်တွင်လည်း စစ်ကောင်စီတပ်နှင့် KIAတပ်တို့က ဒိန်ဂါယန်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင့်သိရပါသည်။
“ ဒီမနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်စီစစ်ကြောင်းက ဒိန်ဂါယန်မှာရှိတဲ့ ဘုရားကျောင်းနဲ့ လူနေအိမ် (၁၆)အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်။ မနေ့ညလည်း အဲ့ဒိန်ဂါယန်မှာပဲ တိုက်ပွဲဖြစ်ခဲ့တယ်” ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက V4Vကိုပြောပါသည်။
၎င်းလူနေအိမ်များကို ရှို့ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၃ရက် ညနေ (၃း၀၀)နာရီခန့်တွင်လည်း မိုးမောက်မြို့နယ် လုံဂျွန်ကျေးရွာမှ လူနေအိမ်(၁၁)အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။
ဒိန်ဂါယန်မှ အရပ်သားပြည်သူများသည် ပြီးခဲ့တဲ့ ဩဂုတ်လမှစတင်ကာ ဒေါ့ဖုန်းယန်မြို့တွင် တိမ်းရှောင်ခိုလုံနေခဲ့ကြပါသည်။ယခုလက်ရှိအချိန်တွင်လည်း စစ်ရှောင်ပြည်သူများအတွက် အခြေခံအစားအသောက်နဲ့ အသုံးအဆောင်များလိုအပ်နေကြောင့်သိရှိရပါသည်။
မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ် တစ်လျှောက်ရှိကျေးရွာများတွင် စစ်ကောင်စီတပ် နှင့် KIA တပ်ကြားတိုက်ပွဲပြင်းထန်နေသည်မှာ (၃)လကျော်ရှိလာပြီး ယခုလက်ရှိအချိန်နတွင်လည်း တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်။
