ရွှေကုဣိုလ်ရှိ ကျားဖြန့်လုပ်ငန်းထဲကမြန်မာလူငယ်များ။
သတင်းဆောင်းပါး
၇၊ဩဂုတ်လ၊၂၀၂၅
ထိုင်းနယ်စပ် မြဝတီမြို့ရှိ ရွှေကုဣိုလ်ဟာ နိုင်ငံအသီးသီး ဒေသအသီးသီးက လူပေါင်းစုံ နေထိုင်ကျက်စား‌တဲ့နေရာဖြစ်ပြီး ကျားဖြန့်ငွေလိမ်ကုမ္ပဏီလုပ်ငန်း အများဆုံးရှိတဲ့ နေရာဖြစ်ပါတယ်။
ရွှေကုဣိုလ်နဲ့မြဝတီ နှစ်နေရာမှာ ကျားဖြန့်ငွေလိမ်ကုမ္ပဏီပေါင်း( ၆၀၀) ကျော်ရှိပါတယ်။ ကျားဖြန့်ကုမ္ပဏီတွေဟာ စားသောက်ဆိုင် ၊ဟိုတယ် ၊တည်းခိုခန်းအစရှိတဲ့ လုပ်ငန်းတွေကို အပြင်ပိုင်းမှာ ဘန်းပြပြီး ငွေလိမ်နေကြတာဖြစ်ပါတယ်။
မြဝတီက ကျားဖြန့်အလုပ်ရုံတွေမှာဆိုရင် အပြင်လုံးဝမထွက်ခိုင်းဘဲ အလုပ်ရုံနဲ့အိပ်ခန်းဘဲ သွားလာနေကြရပါတယ်။ ကျားဖြန့်ကုမ္ပဏီတွေဟာ မြန်မာ ၊ ကိုရီးယား ၊ အမေရိကား ၊အာဂျင်တီးနား ၊ တရုတ် ၊ ကနေဒါ ၊ ဂျပန် စတဲ့နိုင်ငံက လူတွေကို မိန်းကလေးလိုဟန်ဆောင်ပြီး နာမည်အမျိုးမျိုးသုံးပြီး လိမ်တာဖြစ်ပါတယ်။
ရွှေကုဣိုလ်ကျားဖြန့်ကုမ္ပဏီတစ်ခုတွင် ဝန်ထမ်းလူငယ် (၃၀၀ ) ကျော်အနက် (၂၀၀)ကျော်က မြန်မာနိုင်ငံမှ လူငယ်များဖြစ်ကြပြီး အသက် (၁၆)နှစ်ကနေစလို့ အသက် (၄၀ )ကျော်အရွယ်အထိ လုပ်ကိုင်‌နေကြပါတယ်။ အသက်၁၈နှစ်မပြည့်ရင် ဝန်ထမ်းလုပ်ခွင့်မပြုဘူးဆိုပေမယ့် အသက်လိမ်ပြီး လုပ်နေကြတဲ့ လူငယ်တွေရှိနေပါတယ်။
လူငယ်တွေဟာ ကျားဖြန့်လုပ်ငန်းလုပ်ဖို့ ရွှေကုဣိုလ်ကို ရောက်ရှိပြီး အလုပ်ဝင်ချိန်မှာ ကရင်နယ်ခြားစောင့်တပ် (BGF)တွေကို တလမှာ “ရထိုက်ကြေး” ဘတ်(၅၀၀၀ ) ပေးဆောင်ကြရပါတယ်။”ရထိုက်ကြေး”ကို မြဝတီကအထွက် ရွှေကုဣိုလ်အဝင်က “ရထိုက်”ရုံးမှာဆောင်ရပါတယ်။ အလုပ်ရှင်က ပေးဆောင်ပေးတာမျိုးမရှိပါဘူး။ အလုပ်ရှင်က အလုပ်သမား တွေကို မတရားလုပ်တာ ၊ခေါင်းပုံဖြတ်တာမျိူးတွေရှိလာရင် ကရင်နယ်ခြားစောင့်တပ် (BGF)တွေက ကာကွယ်ပေးမှာမို့ “ရထိုက်ကြေး” ပေးရတာဖြစ်ပါတယ်။
တကယ်တမ်းအလုပ်ရှင်နဲအလုပ်သမားပြသနာဖြစ်ရင်လည်း နယ်ခြားစောင့်တပ် (BGF)တွေကို ပိုက်ဆံပေးနိုင်တဲ့ အလုပ်ရှင်ကဘဲအနိုင်ရတာဖြစ်ပါတယ်။
အလုပ်ရုံမှာ အလုပ်ဆင်းရင် လုပ်ငန်းကျွမ်းကျင်သူ( လူဟောင်း )က တစ်လစာဘတ်(၁၅၀၀၀)ရပါတယ်။ လုပ်ငန်းမကျွမ်းကျင်သူ(လူသစ်) က တစ်လစာ ဘတ်(၁၂၀၀) ရပါတယ်။ မိန်းကလေးဆို ရုပ်ရည် အသင့်အတင့်ရှိရင် လုပ်ငန်းမကျွမ်းကျင်‌ပေမယ့်လည်း အလုပ်ရဖို့ လွယ်ကူပါတယ်။
အလုပ်ရုံခေါင်းဆောင်ကို တရုတ်စာနဲ့တရုတ်စကားတတ်တဲ့သူတွေကို ခန့်ထားပြီး လစာအပြင် လိမ်လို့ရတဲ့ငွေကို % နဲ့ပါ ထပ်ဆောင်းပြီးရတာမို့ အလုပ်ကောင်းကောင်းလုပ်ရင် အဆင်ပြေပါတယ်။ ဝန်ထမ်းတွေဟာ လစာအဖြတ်မခံရအောင်နဲ့ အလုပ်ထုတ်မခံရအောင် အလုပ်ရုံခေါင်းဆောင်နဲ့ တည့်အောင်ပေါင်းရပါတယ်။သူတို့ စိတ်မထင်ရင် မထင်သလို အလုပ်ထုတ်တတ်လို့ပါ။ နေထိုင်ခွင့်ကတ်ကို လုပ်ငန်းရှင်က လုပ်ပေးပြီး အလုပ်ဝင်တာ၃လမပြည့်ခင်ထွက်ပါက လျော်ပေးရပါတယ်။နေထိုင်ခွင့်ကတ်ပြားမရှိရင် အဖမ်းခံရပါတယ်။
စားရိတ်ငြိမ်းတလကို ဘတ်(၁၅၀၀၀)ရတယ်ဆိုပေမယ့် အိပ်စရာနေရာက ကျောတခင်းစာဘဲ ပေးပါတယ်။ တချို့အလုပ်ရုံ တွေဆိုရင် လျှပ်စစ်မီးကို ၂နာရီဘဲပေးပြီး ၊ သုံးရေကို အကန့်အသတ်နဲ့ ပေးကာ အိပ်ခန်းတွေမှာ ကြမ်းပိုးကိုက်တာမို့ အိပ်မရတဲ့အခက်အခဲရှိပါတယ်။အစားအသောက်က တရုတ်စာမို့ မြန်မာလူငယ်တွေအတွက် အဆင်မပြေဖြစ်ပါတယ်။အကျဥ်းထောင်လိုနေရပြီး အလုပ်ထဲ ဓါတ်ပုံရိုက်ခွင့်မပြုထားပါဘူး။
ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြရရင် ဘတ်(၇၀၀) ကုန်ကျပြီး ဖျားနာခွင့်မရဘဲ အလုပ်ဆင်းရပါတယ် ၊ဖျားနာလို့ ခွင့်တရက်ယူရင် တရက်စာကို လစာထဲကဖြတ်ပါတယ်။တနဂ်နွေနေ့ရဲ့ နေ့တပိုင်းဘဲ ပိတ်ရက်ရှိပါတယ်။
ကီးဘုတ်ရိုက်ပြီး ငွေလိမ်ရတာမို့ သုံးနှစ် လောက်လုပ်ရင်တော့ လက်တွေ ပျက်စီးထိခိုက်လာပါတယ်။
ကျားဖြန့်ရုံမှာ ငါးလအကြာလောက်လုပ်ခဲ့တဲ့လူငယ်ဟာ လက်ချောင်းတွေအကြောကပ်တဲ့ ရောဂါ မကြာခဏဖြစ်‌‌နေပါတယ်။
တလကို ဘတ်(၁၅၀၀၀ )ရတယ်ဆိုပေမဲ့” ရထိုက်”ရုံးကို‌ပေးဆောင်ရတာက များလွန်းပြီး အလုပ်သမားခေါင်းက အိပ်ငိုက်တာမျိုး ၊ ဆေးလိပ်ထွက်သောက်ချိန် ၁၅မိနစ်ထက်ကျော်တာမျိုး ၊အမြင်မကြည်တာမျိုးဆိုရင် လစာထဲက မတရားဖြတ်တာမျိုး တွေကြောင့် ငါးလအကြာအလုပ်လုပ်ခဲ့ပေမယ့် အိမ်ကမိသားစုကို မြန်မာငွေ သိန်း(၄၀ )သာပို့နိုင်ခဲ့ပါတယ်။
ကျားဖြန့်ကုမ္ပဏီပိုင်ရှင်တွေဟာ မြန်မာမိန်းကလေး မော်ဒယ်တွေကို ကြော်ငြာရိုက်ဖို့ ငှားရမ်းထားပြီး တလမှာ ဘတ် ၁၀သိန်း ပေးပါတယ်။ ဆက်ဆီဆန်ဆန် ဝတ်စားပြီး ကြော်ငြာရိုက်တဲ့ မြန်မာမိန်းကလေးတွေဟာ သူတို့လိမ်ခဲ့တဲ့နိုင်ငံကို သွားလာလို့မရတော့ပါဘူး ။ တချိူ့အလုပ်ရုံတွေက AI နဲ့ ကြော်ငြာပါတယ်။ကျားဖြန့်အလုပ်ရုံက မြန်မာမိန်းကလေးတချို့ဟာ တရုတ်အလုပ်သမားခေါင်းတွေနဲ့ ချစ်ကြိုက်ပြီး ပိုက်ဆံမရဘဲ အခမဲ့ အိပ်နေကြပါတယ်။
အမေရိကန်လူမျိုးတွေဟာ အထီးကျန်တာမို့ ကျားဖြန့်လူလိမ်တွေကို စကားပြန်ပြောနေကြပြီး သံယောဇဉ်တွယ်ပြီး ငွေလွဲပေးကြပါတယ်။ မြန်မာလူမျိုးတွေကတော့ လိမ်ရ အခက်ဆုံးဖြစ်ပါတယ်။
အလုပ်လုပ်ဖို့အတွက် စာချုပ်ချုပ်တဲ့အချိန်မှာ စာချုပ်မှာပါတဲ့ အချက်အလက်တွေကိုတရုတ်စာနဲ့ ရေးထားတာ‌မို့ သေချာဖတ်ကြည့်ပြီးမှ လက်မှတ်ထိုးရပါမယ်။ တရုတ်စာမဖတ်တတ်လို့ အလုပ်သွင်းပေးတဲ့ပွဲစားက ရောင်းစားခဲ့လို့ အိန္ဒိယနဲ့ကိုးရီးယားလူမျိုးတွေဟာ လုပ်အားခ ဆပ်နေရတာတွေလည်း ရှိပါတယ်။
မြဝတီ အဝင်အထွက် လမ်းကြောအခြေအနေကတော့ မြဝတီက ပြန်လာရင်ဖားအံ့မှာ စစ်တပ်ဂိတ်ရှိပြီး ဖုန်းတွေစစ်ပါတယ်။ ဖုန်းထဲမှာ ကျားဖြန့်နဲ့ ပတ်သတ်တဲ့ ဓါတ်ပုံတွေတွေ့ရင် ပိုက်ဆံတောင်းပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းလဲချား ၊ရှမ်းပြည်နယ် အရှေ့ပိုင်းတန့်ယန်း ၊မူဆယ် အစရှိတဲ့ ရှမ်းပြည်နယ်က ဒေသတွေမှာလည်း ကျားဖြန့်ကုမ္ပဏီတွေ ရှိနေပါတယ်။
ဒီအကြောင်းအရာတွေကို ရွှေကုဣိုလ်က ကျားဖြန့်အလုပ်ရုံမှာ အလုပ်လုပ်နေတဲ့ ကချင်ပြည်နယ်က အသက်၂၀ အရွယ်လူငယ်က ပြောပြတာဖြစ်ပါတယ်။ အဲ့ဒီလူငယ်လေးရဲ့ ငွေလိမ်တဲ့ နာမည်က “အယ်မလီ”ဖြစ်ပါတယ်။
အယ်မလီဟာ အာဏာသိမ်းပြီး နောက်မှာ ကျောင်းဆက်မတက်တော့ဘဲ တရုတ်စာသင်ပြီး ပိုက်ဆံရှာဖို့အတွက် ရွှေကုဣကိုလ်က ကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ဖို့ သူငယ်ချင်းဖြစ်သူက စပ်ပေးလို့ သွား ရောက်ခဲ့တာဖြစ်ပါတယ်။

Leave a Reply