
ဒေသမျိုးစေ့ထိန်းသိမ်းရေးဆောင်ပါး။
ကချင်ပြည်နယ်။ ၁၀၊ဇူလှိုင်လ၊၂၀၂၅
ဒေသမျိုးကိုထိန်းသိမ်းစိုက်ပျိုး၍ ဘေးကင်းလုံခြုံသောအစားအစာများစားသုံးခွင့်ရရှိရေး
ကချင်ပြည်နယ်ကို ဈေးကွက်အဝင်အထွက်တိုးမျိုးစေ့တွေ ဝင်လာပြီးတဲ့နောက်မှာ မြေဆီလွှာပျက်စီးခြင်းနဲ့အတူ ဒေသမျိုးစေ့ပျောက်ကွယ်ခြင်းဟာ တဆက်ထဲဖြစ်လာပါတယ်။
အိမ်ရှင်မတိုင်းရဲ့ မီးဖိုချောင်မှာ အင်မတန်ပေါများခဲ့တဲ့ ခရမ်းချဉ်သီး ၊ငရုတ်သီးနဲ့ ရုံးပဒေသီးလိုမျိုး သီးနှံတွေဟာ အခုဆိုရင် ရှားပါးလာပါပြီ။ ဒေသမျိုးစေ့များရှားပါးပျောက်ကွယ်လာခြင်းနဲ့ စားနပ်ရိက္ခာတဖြေးဖြေးနဲ့ရှားပါးလာခြင်းကို လူသားများဟာစတင်ခံစားလာရတာကို သတိမေ့နေကြပါတယ်။ စားနပ်ရိက္ခာရှားပါးလာတာနဲ့အမျှ ကျွန်ုပ်တို့ဟာ ဒေသမျိုးစေ့တွေကိုစနစ်တကျ သိမ်းဆည်းဖို့ နဲ့ လူသားအချင်းချင်းမျှဝေဖို့ လိုအပ်ပါတယ်။
အထွက်တိုးအောင်ပြုပြင် ပြောင်းလဲထားတဲ့ မျိုးစေ့ထုပ်တွေကို ဝယ်ယူပြီးစိုက်ပါက သဘာဝအတိုင်း စိုက်ပျိုးရင် အထွက်မတိုးတာမို့ ဓါတ်မြေဩဇာ၊ပိုးသတ်ဆေး၊မှိုသတ်ဆေး၊အသီးတင်ဆေး ၊အရွက်အားဆေး စသဖြင့် ဆေးအကူလိုအပ်ပါတယ်။ အထွက်တိုးမျိုးစေ့ထုပ်တွေ ဝယ်ယူစိုက်ပျိုးကြတဲ့အခါ ဓါတ်မြေဩဇာတွေ အလွန်အကျွံသုံးစွဲပြီးတဲ့နောက်မှာ မြေဆီလွှာပျက်စီးပြီး စိုက်ပျိုးမြေ ဆုံးရှုံးလာပါတယ်။
တရုတ်နဲ့အိမ်နီးချင်းဖြစ်တဲ့ကချင်ပြည်နယ်သားတွေဟာ တရုတ်ရဲ့သွင်းကုန်အစားအသောက်တွေနဲ့ မကင်းကြတဲ့ အခြေအနေဖြစ်လာပါတယ်။ နယ်စပ်မြို့ တွေမှာနေထိုင်ကြတဲ့ကျွန်ုပ်တို့ဟာ တရုတ်အသားတု ၊ တရုတ်ဆန်၊ တရုတ်ပဲပုပ်ဆီ၊ တရုတ်ကြက်ဥ၊ တရုတ်အာလူး၊ တရုတ်ကြက်သွန်ဖြူ၊ တရုတ်ငှက်ပျော၊ တရုတ် ရေသန့် ၊ တရုတ်ခရမ်းချဉ်သီး အစရှိတဲ့ စားသာက်ကုန်တွေအပြင် ဆေးဝါးများပါတင်သွင်းလာပါတယ်။
၂၀၁၇-၂၀၁၈ ခုနှစ်လောက်က ကချင်ပြည်နယ်က နွားတစ်ကောင်ကို တရုတ်က ၁၈သိန်းအထိ ဈေးကောင်းပေးပြီး ဝယ်ယူခဲ့တာကို သတိပြုမိမယ်လို့ထင်ပါတယ်။ တောင်သူဦးကြီးတွေကို တရုတ်ထုတ် သိန်း၅၀၀ကျော်တန် လယ်ထွန်စက်ကြီးတွေကို အရစ်ကျနဲ့ ရောင်းချပေးခဲ့တာကိုလည်း သတိပြုမိမှာပါ။ အဲ့ဒီကာလမှာဘဲ မြန်မာနိုင်ငံကို တရုတ်ရဲ့ဓါတ်မြေဩဇာတွေဈေးပေါပေါနဲ့ တင်သွင်းခဲ့ကြပါတယ်။ တရုတ်ရဲ့ ကိုလိုနီဆန်ဆန် စီးပွားရေးချဲ့ထွင်လာတာကို သတိပြုမိစေချင်ပါတယ်။
အကျိုးဆက်ကတော့ နွားများများမရှိလို့ သဘာဝမြဩဇာဖြစ်တဲ့နွားချေးမရှိတော့ဘူး၊ လယ်ထွန်စက်တွေနဲ့ လယ်ယာထွန်ယက်ကြတော့ တောင်သူတွေကို အကျိုးပြုတဲ့ လယ်ခရု၊လယ်ကဏာန်း၊တီကောင်တွေပါ မျိုးတုန်းကုန်ပြီ ။
ဒေသခရမ်းချဉ်သီးမျိုးမရှိကြတော့တဲ့ တောင်သူတွေဟာ အထွက်တိုး ခရမ်းချဉ်သီးမျိုးစေ့တွေ ဝယ်ယူစိုက်ပျိုးကြပြီး ၂၀၂၅ ဖေဖော်ဝါရီလမှာ ခရမ်းချဉ်သီးထွက်ချိန်မှာ တပိသာ(၈၀၀)ကျပ်သာရရှိပြီး အရှုံးပေါ်ခဲ့ပါတယ်။ ၂၀၂၅ ဇွန်လမှာ တရုတ်က တိုက်ရိုက်တင်သွင်းတဲ့ တရုတ်ခရမ်းချဉ်သီးဟာ တပိသာ(၉၀၀၀)ကျပ်နဲ့ FDA ကို ဖြတ်ကျော်စရာမလိုဘဲ ကျွန်ုပ်တို့စားသုံးသူလက်ထဲတိုက်ရိုက် ရောက်ရှိလာပါတယ်။ ဘေးကင်းလုံခြုံတဲ့ အစားအစာများဖြစ်ဖို့ ဘယ်သူက အာမခံချက်ပေးပါမလဲ လို့ မေးခွန်းထုတ်စရာပါ။
မြန့်မာ့မျိုးရင်း စပါးအမျိုးအစားများထဲမှ ကချင်ပြည်နယ်တွင်း အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ ခြင်းသုံးစပါးနဲ့ ငွေတိုးစပါး ချင်းယှဉ်ပြီး စိုက်ပျိုးပါက ငွေတိုးစပါးကသာဓါတ်မြေဩဇာ ကျွေးစရာမလိုဘဲ သဘာဝအတိုင်းစိုက်ပျိုးလို့ရတာမို့ ဘေးကင်းလုံခြုံတဲ့အစားအစာထဲ ပါဝင်ပါတယ်။ စားသုံးဆီအဖြစ် စိုက်ပျိုးတဲ့ မြေပဲ၊နေကြာ၊နှမ်း အစရှိတဲ့ ဆီထွက်သီးနှံများထဲမှာ နေကြာကသာ ဓါတ်မြေဩဇာကျွေးစရာမလိုဘဲ သဘာဝအတိုင်းစိုက်ပျိုးလို့ရတဲ့ ဆီထွက်သီးနှံဖြစ်တာမို့ ဘေးကင်းလုံခြုံတဲ့အစားအစာ ဖြစ်ပါတယ်။
ဒါကြောင့်ကျွန်ုပ်တို့ဟာ ကျန်းမာဖို့အတွက် ဒေသမျိုးစေ့များကို ထိန်းသိမ်းစိုက်ပျိုးပြီး ဘေးကင်းလုံခြုံတဲ့အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။
ကချင်ပြည်နယ်ဟာ သဘာဝသယံဇာတမျိုးစုံထွက်ရှိတဲ့အပြင် မြေဆီလွှာ အင်မတန် ကောင်းမွန်တာမို့ သဘာဝအတိုင်းစိုက်ပျိုးဖြစ်ထွန်းတဲ့ မြေ သယံဇာတ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ကျွန်ုပ်တို့ ပိုင်ဆိုင်ထားတဲ့တန်ဖိုးရှိတဲ့ ဒေသမျိုးစေ့တွေနဲ့ မြေဆီလွှာတွေကို တန်ဖိုးထားထိန်းသိမ်းကြပါစို့လားခင်မျာ။
