၂၀၂၃ ခုနှစ် ကချင်ပြည်နယ်အတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်
ကချင်ပြည်နယ်။ ၃၀၊ မေလ၊ ၂၀၂၅
လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် မ ထွယ်ဆန်က အဖွားနဲ့အတူ ရွာမှ မိုင်၃၀ ဝေးသော မိုင်းနားတောင်ခြေဘက်သို့ ဟင်းရှာထွက်သွားခဲ့ပါတယ်။ မထွယ်ဆန်က ဝါးမျှစ်တွေ့လို့ သွားခုတ်ယူဖို့ ချုံတောဘက်သွားလိုက်ချိန် အသံအကျယ်ကြီးကြားလိုက်တာနဲ့တစ်ပြိုင်နက် မထွယ်ဆန်က သူမရဲ့ ဘယ်ဘက်ခြေထောက်တစ်ခြမ်းမှ သွေးတွေပန်းထွက်လာတာကို ကိုယ်တိုင်မြင်ပြီး အရမ်းလန့်သွားလို့ သူမကိုယ်သူမ သေပြီလို့တောင်ထင်ခဲ့ရပါတယ်။
ထို့အချိန်တွင် အဖွားဖြစ်သူက အော်ငိုပြီး မထွယ်ဆန် မြေကြီးပေါ်လဲကျနေတဲ့ဘက်ကို ပြေးလာခဲ့ပါတယ်။ အနီးအနားကို အော်ပြီးအကူအညီတောင်းခဲ့သော်လည်း ဘယ်သူတစ်ယောက်မှ မရှိသောကြောင့် အဖွားကိုယ်တိုင် မြေးဖြစ်သူထွယ်ဆန်ကို ကျောပိုးပြီးရွာထိပ်ထိရောက်အောင် ကုန်ပိုးပြီးသယ်လာခဲ့ပါတယ်။ ရွာထိပ်ရောက်တော့ လမ်းဖြတ်လာသူများကို အကူအညီတောင်းကာ ဝိုင်းမော်ဆေးရုံသို့ ဆေးကုသခံဖို့ သွားခဲ့ပါတယ်။
ထို့နောက် ဘယ်ဘက်ခြေထောက် ခြေမျက်စိအောက်ဘက်ဖြတ်ထုတ်လိုက်ရပါတယ်။ ညာဘက်ခြေသလုံးတွင်လည်း ယမ်းစစိုက်ဝင်သွားပြီး မိုးအုံ့ချိန် နဲ့ ရာသီဥတုအရမ်းအေးတဲ့အချိန်တွင် ၎င်းယမ်းစတွေကြောင့် တစ်ကိုယ်လုံးခက်ခဲတဲ့ဝေဒနာတွေကိုလည်းခံစားနေရပါတယ်။
ရွာသူရွာသားများက အမြဲလိုလိုတောထဲ ဟင်းရှာထွက်ကြပေမဲ့ ဒီလိုအဖြစ်မျိုးတစ်ခါမှ မကြုံခဲ့ရဘူး ကျွန်မတို့လည်း အမြဲကျင်လည်သွားနေကျနေရာလည်းဟုတ်တယ်။ မိုင်းနင်းမိပြီးပေါက်ကွဲသွားချိန် အရမ်းကြောက်လန့် တုန်လှုပ်နေလို့ ဘာမိုင်းအမျိုးအစားလဲဆိုတာတောင် သတိမထားမိတော့ဘူးလို့ Kachin State Human Rights Network ကိုပြောပြခဲ့ပါတယ်။
သူမသည် ညဂိုက်ဆရာမ လုပ်ပြီး ရွာထဲက ကလေးတွေကို စာသင်ပေးနေသော လူငယ်တစ်ယောက်ဖြစ်ပြီး ၎င်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် စာသင်ပေးရာတွင် အာရုံမစိုက်နိုင်တော့လောက်အောင် ဖြစ်ခဲ့ပါတယ်။
သူမရဲ့ စိတ်ထဲတွင်လည်း တောင်ယာဘက်သွားရမှာကိုကြောက်ရွံ့တဲ့စိတ်တွေ ဖြစ်သွားပြီး တောဘက်ပြန်သွားရင် အမြဲလိုလို မြေမြုပ်မိုင်းတွေရှိနေမှာပဲ ဆိုတဲ့ စိတ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ရွာသူရွာသားများ နေစဉ်နဲ့အမျှ ဟင်းရှာထွက်သည့်နေရာများတွင် မြေမြုပ်မိုင်းများ မထားရှိရင် အရမ်းကောင်းမှာပဲလို့လည်း မျှော်လင့်ခဲ့ပါတယ်။
မထွယ်ဆန်ထို့သို့ဖြစ်ပွားခဲ့တဲ့ချိန်ကာလတွင် ရွာရဲ့ နောက်ဘက် မလှမ်းမကမ်း ဝေးတဲ့နေရာတွင် စစ်ကောင်စီလက်အောက်ခံ လီဆူပြည်သူ့စစ်တွေက နေထားယူထားခဲ့တာကြောင့် သူတို့ရဲ့နယ်မြေလို့ပြောရင်လည်းမမှားပါဘူး။
၂၀၂၃ ခုနစ်အတွင်း ကချင်ပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၀ ဦးခန့်ရှိခဲ့ကြောင့် KHRN ရဲ့ လူ့အခွင့်အရေးမှတ်တမ်းတွင် ဖော်ပြထားပါတယ်။
