လူ့အခွင့်အရေးချိုးဖောက်ခံရမှု – ညှင်းပန်းနှိပ်စက်မှုနှင့် ထိန်းသိမ်းချုပ်နှောင်မှု

 

ချိုးဖောက်ခံရသူ ဦး*** အသက်(၄၁)နှစ်သည် *** ရပ်ကွက်၊ တနိုင်းမြို့နယ်၊ ကချင်ပြည်နယ်တွင် နေထိုင်သည်။
ဖြစ်စဥ် (ကိုယ်တိုင်ပြောပြချက်)
***ကျေးရွာအောက် (၄)မိုင်အကွာမှာ ကျွန်‌တော်တို့လယ်တောရှိတယ်။ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂ ရက်နေ့တွင် ကျွန်တော်က လယ်တောကနေ ***မြစ်ဆုံဘေးက ကမ်းပါးထိ ကားနဲ့စပါးသယ်နေတာဟုတ်တယ်။ ပထမတစ်ခေါက်တော့ စပါးအိတ် (၆၀) သယ်ထားပြီး စပါးအိတ်ပျောက်မှာစိုးလို့ ကျွန်တော့သူငယ်ချင်းကရင်ကောင်ကိုတော့ စပါးအိတ်စောင့်ခိုင်းပြီး ကျွန်တော်နဲ့ကျွန်တော့သူငယ်ချင်း ဆယ်ပြားကတော့ နောက်ထပ်စပါးအိတ်(၉၀) ပြန်သယ်လာခဲ့တယ်။ စပါးအိတ်သယ်ပြီးနောက် အရမ်းပင်ပန်းတဲ့အတွက် အရက်တစ်ငုံလောက် သောက်ရအောင်ဆိုပြီး လုပ်နေချိန်တွင် ကျွန်တော်တို့အနောက်ကနေ “အားလုံးမှောက် ခေါင်းမမော့နဲ့” လို့ပြောပြီး ဝါးလုံးနဲ့ အပြင်းအထန်ရိုက်တယ်။ ခေါပုတ်‌ထောင်းသလို ရိုက်နက်ထုထောင်းတယ်။ ကျွန်တော်တို့ကိုဖမ်းတဲ့သူက (၃)ပွင့်ဗိုလ်ဟုတ်တယ်။ အဲ့လိုရိုက်နက်ပြီးနောက် လက်ကိုနောက်ပြန်ကြိုးချည်ပြီး ဆိုင်ကယ်နဲ့ (၃)မိုင်လောက်ဝေးတဲ့ ခမရ(၃၁၈) ဗမာစစ်တပ်ဘက်ကိုခေါ်သွားတယ်။ အဲ့ဒီနေရာရောက်တော့ စစ်ဆေးမေးမြန်းခြင်းလုပ်တယ်။ “တစ်ခွန်းမေးရင်တစ်ခွန်းဖြေနော်” လို့ပြောပြီး သူတို့တစ်ခွန်းမေးရင် ကျွန်တော်တစ်ခွန်းဖြေတယ်။ ဒါပေမဲ့နှစ်ချက်ပြန်ရိုက်တယ်။ မေးခွန်းမေးပြီး ကျွန်တော်ပြန်ဖြေတိုင်း “ငါပြောတာမင်းနားမလည်ဘူးလား” ဆိုပြီး ဆောင့်ကြောင့်ထိုင်ခိုင်းပြီး ပစ်သတ်ရန်အဆင်သင့် ဖြစ်နေတဲ့အချိန်မှာ စစ်ဗိုလ်တစ်ယောက်ရောက်လာပြီး “ဟိတ်ခဏနေအုံး ဒီကောင်ကိုမေးကြည့်ရအုံးမယ်” ဆိုပြီးသူ့ကို “ကေအိုင်အေစစ်သားဟုတ်သလား” “***ရွာမှာ မင်းကနာမည်ကြီးပဲ ****ဆိုတာမင်းပဲ၊ လစာဘယ်လောက်စားလဲ၊ တစ်နှစ်မှာလခဘယ်လောက်ထုတ်စားလဲ၊ မင်းက ဘယ်အဆင့်လဲ ဗိုလ်ကြီးလား၊ ***ရွာမှာ လယ်လုပ်စားတာ ကေအိုင်အေကိုရိက္ခာပေးတာမဟုတ်ဘူးလား” ဆိုပြီးမေးတော့ ကျွန်တော်က “မဟုတ်ပါဘူး ကျွန်‌တော်က လယ်သမားအစစ်ပါ” ဆိုတော့ “မလိမ်နဲ့”ဆိုပြီး ကျွန်တော့ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်တယ်။ ရင်ဘတ်မှာလည်းကန်တယ်။ ဘယ်၊ ညာရင်ဘတ်မှာ သေနတ်တွေဖြင့်လည်းထုတယ်။ ကျောဘက်မှာလည်း သေနတ်ဒင်နဲ့ထုတယ်။ မှောက်ခုံလဲခိုင်းပြီး ကန်တယ်။ “အားယား….နာတယ်” လို့အော်တော့လည်း “မအော်နဲ့ ငါလိုးမကောင်”ဆိုပြီး ပြောတယ်။ ရှေ့မှာစစ်သားတစ်ယောက်၊ နောက်မှာတစ်ယောက်တစ်ပြိုင်နက်တည်းကန်တယ်။ ပါးနှစ်ဖက်စလုံးကို လက်သီးနဲ့ထိုးတယ်။ ဒူးထောက်ထားခိုင်းပြီးမှ ရိုက်တယ်။ ဒူးမှာလည်းကန်တယ်။ ကျွန်တော့ကို ဘောလုံးလိုကန်တယ်။ ဖမ်းထားတဲ့အချိန်ရေသောက်ချင်လို့ ရေတောင်းတော့လည်း ပါးစပ်ထိုးပေးတယ်၊ ရေလည်းမတိုက်ဘူး၊ ထမင်းလည်းမကျွေးဘူး။ တစ်ရက်နဲ့တစ်ည ဘာမှမကျွေးဘူး။
ကျွန်တော့ကိုယ်ကျွန်တော် သေပြီလို့တောင်ထင်ခဲ့တယ်။ ပြီးတော့မျက်စိပြန်ပိတ်ပေးတယ်။ မျက်စိပြန်ပိတ်ပေးလိုက်တဲ့အချိန်မှာတော့ ကျွန်တော့ကို သတ်လိုက်တော့မယ်လို့ ထင်တယ်။ အဲ့အချိန်မှာ ခလရ (၈၆)တပ်က အကိုတော်တဲ့ ဦး*** ရောက်လာပြီး ကျွန်တော်တို့ (၄)ယောက်ကို အာမခံနဲ့ထုတ်ယူတယ်။ ကျွန်တော်တို့ကို ပြန်လွတ်တဲ့အချိန်မှ မျက်စိပိတ်ထားတာ ဖြည်ပေးတယ်။ ကျွန်တော်တို့ကို (၄)ယောက်စလုံးကော၊ တစ်ယောက်ခြင်းကော ဓါတ်ပုံရိုက်ယူတယ်။ ပြန်သွားပြီး အိမ်ရောက်တော့ ခန္ဓာကိုယ်တစ်ခုလုံးနာတယ်။ ညာဘက်လက်က လုံးဝလှုပ်မရဖြစ်သွားတယ်။ ညာဘက်ရင်အုံလည်း အရမ်းနာတယ်။ ဓါတ်မှန်တော့ရိုက်ထားတယ်။ အဖြေတော့မရသေးဘူး။ အခုတော့ ကချင်တိုင်းရင်းဆေး သောက်နေတယ်။
မှတ်ချက်- အိမ်ပြန်ရောက်ပြီး တစ်လအကြာမှာ ကျူးလွန်ခံရသူ ဦး**** သည် သေဆုံးသွားတယ်လို့ သိရသည်။

Leave a Reply