
ဒီဇင်ဘာ၁၈
အိမ်ပြန်ချင်တယ်…….
ကချင်ပြည်နယ်စစ်ရှောင်တွေရဲ့အခက်အခဲနဲ့ရင်တွင်းစကားသံများနဲ့ “အိမ်ပြန်ချင်တယ်” တဲ့
ကချင်ပြည်နယ်မှာ တိုက်ပွဲကြောင့်စစ်ရှောင်နေရတဲ့ပြည်သူတွေရဲ့အခက်အခဲနဲ့ရင်တွင်းစကားသံတွေကိုစုစည်းရေးသားလိုက်ပါတယ်။
နှစ်ဖက်လက်နက်ကိုင်တွေတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ကလေယာဉ်နဲ့ဗုံးကျဲတဲ့အချိန်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဝိုင်းမော်က အသက်၄၈နှစ်အရွယ်စစ်ရှောင်အမျိုးသမီးရဲ့ ပြောစကားကိုနားထောင်ကြည့်ရအောင်။
“အဲ့ဒီအချိန်တုန်းက လယ်တောမှာ စပါးရိပ်သိမ်းနေချိန်ပေါ့ ၊ပထမရက်မှာက လက်နက်ကြီးသံတွေအဆက်မပြတ်ကြားနေရတော့ အိမ်ကကလေးတွေကိုလဲ ကျောင်းမသွားခိုင်းတော့ဘူး ၊လယ်သိမ်းတဲ့နားမှာဘဲ နေထားခိုင်းတယ်၊နေ့လည်၁၁နာရီလောက်ကျတော့ လေယာဉ်နဲ့ဗုံးလာကျဲပြီ၊ လယ်တောကွင်းပြင်ကြီးထဲ ပုန်းစရာနေရာကမရှိလို့ ကောက်ရိပ်တဲ့သူတွေလဲ ကောက်လိုင်းပုံထဲ ထိုးဝင်ပြီးပုန်းရတယ်၊ ဗုံးကျတာတွေက အများကြီးဆိုတော့ နားတွေလဲအူ၊ မြေကြီးတွေကတုန်ခါ၊ လူကလဲ ကြောက်လို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိနဲ့ဖြစ်နေတာ၊ကလေးတွေလဲ အရမ်းကြောက်ပြီးငိုနေကြတယ်၊ကျမယောင်းမက အသက်၈၀ကျော်ဆိုတော့ ကျန်းမာရေးကမကောင်း မပြေးနိုင်ဆိုတော့ သူ့ကိုလဲ ကျမက ပိုးပြီးပြေးရသေးတယ်၊ မြေပြင်ပေါ်မှာပြေးနေတာတွေ့ရင် လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပစ်သေးတာဆိုတော့ ပြေးလဲ အရမ်းမပြေးရဲဘူး အသက်ကြီးတဲ့သူကို ဒရွတ်တိုက်ဆွဲရတာ၊ ဒုက္ခများတာဆိုရင် အရူးမီးဝိုင်းဆိုသလိုပါဘဲ၊ ဒီလိုဒုက္ခတွေကိုကျမတို့ရဲ့ လူငယ်မျိုးဆက်တွေကို မကြုံစေချင်တို့ဘူး၊ နိုင်ငံအေးချမ်းဖို့ဘဲဆုတောင်းနေရတယ်၊ စစ်ဘေးရှောင်ခဲ့တဲ့အချိန်မှာ တရက်နှစ်ရက်ဘဲရှောင်ပြီး ကိုယ်အိမ်ကိုယ်ပြန်နေရမယ်ထင်လို့ အဝတ်တထည်ကိုယ်တခုနဲ့ ပလိုင်းထဲထည့်ယူလာပြီး ထမင်းအိုးတလုံးဘဲ ပါလာခဲ့တယ်၊ အခုအချိန်ထိ ကိုယ့်အိမ်ကိုယ်မပြန်နိုင်သေးဘူး၊ လေယာဉ်နဲ့ဗုံးကျဲခဲ့တဲ့အချိန်ကိုပြန်တွေးကြည့်ရင် အခုချိန်ထိ ရင်တွေတုန်နေတုန်းဘဲ၊ မြန်မြန်အေးချမ်းပြီးအိမ်ကိုလဲ အမြန်ဆုံးပြန်ချင်ပြီ”လို့ အဲ့ဒီအမျိုးသမီးကပြောပါတယ်။
သူတို့မိသားစုဟာ စစ်ရှောင်နေရသည်မှာတနှစ်တိတိကြာပြီလို့ဆိုပါတယ်၊ ကိုယ်ပိုင်လယ်ယာတွေပိုင်ဆိုင်ပေမယ့် နေရပ်စွန့်ခွာခဲ့ရကာ လယ်ယာလုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ စားဝတ်နေရေးအတွက် ကျပန်းအလုပ်ကိုလုပ်ကိုင်နေတယ်လို့ဆိုပါတယ်။
တိုက်ပွဲများကြားက နေရပ်စွန်ခွာသွားလိုက်ရတဲ့ အသက်၈၀ကျော် အဖိုးနဲ့အဖွားရဲ့စကားသံကတော့ ….
” စစ်တပ်ကလေယာဉ်နဲ့ဗုံးလာကျဲတဲ့နေ့ကသားသမီးတွေအလုပ်သွားကြလို့ အဖွားနဲ့အဖိုးက အိမ်စောင့်ကျန်နေခဲ့တာ၊ အိမ်ခြံဝင်းလေးထဲမှာ တနိုင်တပိုင်စိုက်ခင်းလေးရှိတယ် ၊စိုက်ခင်းထဲမှာ မြက်နှုတ်ရင်းထိုင်နေကြတာ၊ မနက်အစောကြီးကထဲက လက်နက်ကြီးသံတွေကြားလို့ သတိထားပြီးနေနေကြတာ၊ မနက်ဆယ်နာရီလောက်မှာလေယာဉ်နဲ့ဗုံးလာကျဲတာကိုကြားရတယ်၊ အိမ်နဲ့တပြလောက်မှာ လေယာဉ်ဗုံးသီးလာကျတာနဲ့ ဗုံးခိုကျင်းထဲဝင်ပုန်းရတယ်၊သုံးရက်ဆက်တိုက်လေယာဉ်နဲ့ဗုံးကျဲတော့ အိမ်မှာလဲ နေလို့မရတော့ဘူး၊ အလုပ်သွားတဲ့သားသမီးတွေက အဖိုးနဲ့အဖွားကိုစိတ်ပူလို့ ငိုကြတယ်တဲ့၊နေ့လည်သုံးနာရီလောက်မှာ လေယာဉ်ပြန်သွားတဲ့အချိန် သားက အဖိုးနဲ့အဖွားကို စစ်ရှောင်ဖို့လာကြိုတယ် ၊ရွာထဲကလူတွေလဲ တောင်ပြေးမြောက်ပြေးနဲ့ တရွာလုံးအုတ်အော်သောင်းနင်းဘဲ ၊ မှတ်မှတ်ရရ အဲ့နေ့ရဲ့အရင်ရက်က စစ်တပ်ကရှော့တိုက်ဒုံးနဲပစ်လို့ တအိမ်လုံးမှာရှိတဲ့ မိသားစု၇ယောက်ပွဲခြင်းပြီးသေတယ်၊ ပပ္မတီးရက်ကွက်ထဲကျလို့ လူတွေသေကြတယ်၊ အိမ်တွေလဲပျက်စီးကုန်တယ်၊အဲ့ဒီအချိန်ကိုပြန်တွေးကြည့်ရင် ငရဲခန်းထဲရောက်သွားသလိုမျိုးခံစားရတယ်၊ ကလေးဘဝအသက်၆နှစ်လောက်ကထဲက စစ်ရှောင်လိုက်အိမ်ပြန်လိုက်နဲ့ နေလာခဲ့ရတာ ၊ အခုလဲအသက်ကြီးလို့ သေခါနီးချိန်ရောက်နေတာတောင်မှ အခုချိန်ထိစစ်ရှောင်နေရတုန်းဘဲ၊ အဖွားရဲ့ ကျန်းမာရေးမကောင်းတာတောင်မှ သေချာ ဆေးမကုပေးနိုင်ဘူး၊ ငါတို့မှာဒီလိုနဲ့ဘဲ သေရတော့မှာလား ၊ငါတို့အိမ်ကိုပြန်ချင်ပြီ၊ငါတို့ပြည်နယ်က ဘယ်အချိန်မှ ငြိမ်းချမ်းမလဲကွယ် ၊”လို့ အဖိုးကပြောပါတယ်။အဖိုးနဲ့အဖွားဟာ သားသမီးမိသားစုတွေနဲ့အတူစစ်ရှောင်စခန်းတခုမှာ နေထိုင်ကာ သားသမီးတွေရဲ့လုပ်စာကို စားပြီး သေမဲ့အချိန်ကိုထိုင်စောင့်နေသလိုဘဲလို့ ပြောပါတယ်။
စစ်ရှောင်စခန်းမှာ ခိုလှုံနေကြတဲ့ကလေးတွေကို စာသင်ပေးနေတဲ့ဆရာမတယောက်ရဲ့ပြောစကားအရ “ကလေးတွေက စစ်ဘေးရဲ့ဆိုးကျိုးကိုအရွယ်နဲ့မမျှအောင်ခံစားနေကြရတယ် ၊စာသင်နေချိန်မှာ ဝုန်းဒိုင်းဆိုတဲ့အသံကြားရင်တောင် ချက်ချင်းခုံအောက်ကိုပြေးဝင်ပုန်းကြတယ်၊ ပုန်းနေချိန်မှာတယောက်နဲ့တယောက်ဖက်ထားကြတယ်၊ ကလေးတယောက်ဆိုရင် အသက်၁၂နှစ်ဘဲရှိသေးတယ်၊ညနေစာကို နေ့လည်တနာလောက်ချက်ပြီး နေ့လည်သုံးနာရီဆိုရင် မီးခိုးတိတ်ဖြစ်နေပြီ၊သူတို့လေးတွေကစစ်ဘေးအတွေ့အကြုံအရ အမြဲတမ်းစိုးရိမ်ထိတ်လန့်နေကြပြီး တခုခုဆိုရင် အဆင်သင့်ဖြစ်နေတာမျိုးတွေ့ရတယ်၊သူတို့လေးတွေကို ဘာဖြစ်ချင်လဲလို့မေးကြည့်ရင် အိမ်ပြန်ချင်တယ်လို့ဖြေကြတယ် ၊အပြစ်ကင်းတဲ့ကလေးလေးတွေကို အပူအပင်ကင်းကင်းနဲ့စာသင်ရတဲ့ဘဝမျိုးရစေချင်တယ်”လို့ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ တိုင်းပြည်အေးချမ်းသာယာစေချင်ပြီး ကောင်းမွန်တဲ့အစိုးရတစ်ရပ်ပေါ်ထွန်းလားစောင့်မျော်ရင်း ” အိမ်ပြန်ချင်တယ်”လို့ ပြောဆိုနေကြပါတယ်။
