
နမ္မားတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီမှနေ့စဉ်လက်နက်ကြီးဖြင့်ပစ်ခတ်နေသောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ
မိုးညှင်းမြို့နယ်။ ၄.ဧပြီလ.၂၀၂၄
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်နေသောကြောင့်ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပါသည်။
“တလပိုင်းလကုန်လောက်တုန်းကဆို စစ်တပ်က လက်နက်ကြီးနဲ့သုံးရက်ဆက်တိုက်ပစ်တာ။ရွာဖက်ကို အလုပ်လုပ်ရတာကအဆင်မပြေ။အခင်းထဲလဲမသွားရဲကြတော့ဘူး။ အသံကြားရင်တရွာလုံးပြေးကုန်ရော။ ပြေးစရာနေရာမရှိတဲ့သူ တွေကတော့ ဗုံးကျင်းထဲပုန်းရတာ။ဗုံးကျင်းတူးတာတောင် ခိုးတူးရတယ်။စစ်တပ်က ဗုံးကျင်းတူးရင် ပြန်ဖို့ခိုင်းပြီး ပိုက်ဆံ(၇)သိန်းတောင်းတာ။”ဟု နမ္မားဒေသခံများပြောပြချက်အရသိရသည်။
စစ်ကောင်စီမှ၎င်းတို့ပစ်ခတ်လိုက်သော လက်နက်ကြီးမှန်၍ ထိခိုက်သေဆုံးသူများကို တာဝန်ယူမှုမရှိတဲ့အပြင် သူတို့ပစ်ခတ်တာမဟုတ်ကြောင်း စစ်တပ်မှ ငြင်းဆိုထားသည်ကို ဒေသခံများပြောပြချက်အရသိရသည်။
ထိုသို့ငြင်းဆိုနေမှုကို မကျေနပ်၍ ဇန်နဝါရီလကုန်ပိုင်းတွင် ကားလမ်းပေါ်၌ဆိုင်ကယ်မောင်းနေသူအမျိုးသားပေါ်သို့ စစ်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားသောကြောင့် သေဆုံးသူအမျိုးသား၏ဇနီးဖြစ်သူမှ နမ္မားအမြောက်တပ်သို့ သွား၍ဆဲဆိုစဉ် တပ်ရင်းမှူးမှ မဆဲပေးရန် တောင်းပန်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။
